အလှဖျက်နေတဲ့ အသားပိုငယ်တွေကို အိမ်တွင်းနည်းလမ်းနဲ့ ဖယ်ရှားရအောင်

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ သေးငယ်တဲ့ ပျော့အိအိ အသားပိုလေးတွေ အနည်းအကျဉ်းစီတော့ ရှိကြတာပါပဲ။ အသားပိုတွေကို မျက်ခွံ၊ ပေါင်ခြံ၊ ရင်သားအောက်တွေမှာ တွေ့ရများပြီး ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်းနဲ့ ကိုယ်အလေးချိန်အတက်အကျတွေကြောင့် အသားပိုငယ်တွေ ဖြစ်ပေါ်နိုင်ပြီး ဆီးချိုရောဂါ ဒါမှမဟုတ် ဟော်မုန်းမညီမျှမှုတွေရဲ့ လက္ခဏာအနေနဲ့လည်း အသားပိုထွက်လာနိုင်ပါတယ်။ အသက်အရွယ်ကြောင့်လည်း သက်ကြီးအစက်အပြောက်တွေနဲ့အတူ အသားပိုငယ်တွေလည်း ထွက်လာနိုင်ပါတယ်တဲ့။ ဒီတော့ အလှဖျက်နေတဲ့ အသားပိုငယ်တွေကို ဖယ်ရှားဖို့၊ ပါးလျစေဖို့ အိမ်တွင်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါရစေ။ 


ဆရာ၀န်နဲ့ဦးစွာ တိုင်ပင်ပါ
ဒီလို အသားပိုဖုတွေ တွေ့ခဲ့ရင် အိမ်တွင်းနည်းလမ်းတွေနဲ့ မဖယ်ရှားခင်မှာ ဆရာ၀န်နဲ့ ဦးစွာ တိုင်ပင် ပြသပါ။ ဆရာ၀န်က ဒီအသားပိုကို အသားစယူစစ်ဆေးပြီး ကင်ဆာလို ရောဂါမဟုတ်ခဲ့ရင် စတင်ဖယ်ရှားနိုင်ပါပြီ။

Tea Tree Oil
သူ့မှာ Antifungal နဲ့ Antiviral လိုမျိုး Antimicrobial  ၁၀၀ ရာခိုင်နှုန်း ပါ၀င်ပါတယ်။ သူ့ကို အရေပြားပေါ်မှာ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ပါတယ်။

ပြုလုပ်နည်း
- အသားပိုရှိတဲ့နေရာကို ဦးစွာ သန့်စင်ပါ။
- ဝါဂွမ်း pad မှာ Tea Tree Oil သုံးစက်ခန့် ဆွတ်ပါ။
- အဲဒီဝါဂွမ်းဖတ်နဲ့ အသားပိုပေါ်ကို ညင်ညင်သာသာ ပွတ်တိုက်ပါ။
- တစ်နေ့ သုံးလေးကြိမ် လိုချင်တဲ့ရလဒ်ရတဲ့အထိ ပြုလုပ်ပါ။

ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်က ကောင်းမွန်တဲ့ သဘာ၀အနာသန့်ဆေးရည်လို့ ပြောလို့ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာနိသင်တွေ များစွာရှိပါတယ်။ သူမှာ Acidic ဓာတ်တွေ သဘာ၀အတိုင်း ပါရှိတဲ့အတွက် ပိုနေတဲ့ အရေပြားတစ်သျှူးတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ 

ပြုလုပ်နည်း
- ပန်းသီးရှလကာရည်ကို ဝါဂွမ်းစမှာ ဆွတ်ပြီး အရည်ညှစ်ချလိုက်ပါ။
- ပြီးရင် အသားပိုစပေါ်မှာ တင်ပါ။
- အဲဒီပေါ်ကနေ ပလတ်စတာကပ်ပြီး တစ်ညထားပါ။
- နောက်ရက်မနက်မှာ ခွာလိုက်ပါ။
- ညစဉ် အသားပိုစ မည်းခြောက်ပြီး ကွာကျသွားတဲ့အထိ ပြုလုပ်ပါ။

ဗီတာမင် အီး
ဗီတာမင် အီးမှာ အင်တီအောက်ဆီးဒင့်တွေ ပါ၀င်တဲ့ အရေးကြောင်းနဲ့ တခြားအရေပြားပြဿနာတွေအတွက်ပါ အသုံး၀င်ပါတယ်။ 

ပြုလုပ်နည်း
- ဝါဂွမ်းစကို ဗီတာမင် အီး အဆီဆွတ်ပါ။
- အသားပိုနေရာကို ရေနွေးနဲ့ သန့်စင်ပြီး ဝါဂွမ်းစကပ်ပါ။
- အပေါ်ကနေ ပလတ်စတာကပ်ကာ တစ်ညထားပါ။
- ညစဉ် ကောင်းမွန်တဲ့ရလဒ်ဖြစ်တဲ့အထိ ပြုလုပ်ပါ။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ Antimicrobial နဲ့ Antifungal တွေလည်း သဘာ၀အတိုင်း ပါ၀င်တာကြောင့် အသားပိုတွေကို ဖယ်ရှားပေးဖို့ ကူညီနိုင်ပါတယ်။ 

ပြုလုပ်နည်း
- ကြက်သွန်ဖြူ ၂-၃ မြွှာကို ကြိတ်ခြေပါ။
- ဝါဂွမ်း pad မှာ အဲဒီအနှစ်ကိုတင်ပြီး အသားပိုပေါ် အုပ်ထားပါ။
- ပြီးရင် ပလတ်စတာနဲ့ ကပ်ပြီး တစ်ညထားပါ။
- မနက်ကျ ဖယ်ရှားလိုက်ပါ။ 
- ညစဉ် ၂-၃ ည ဆက်တိုက်ပြုလုပ်ပေးပါ။

ချင်း
ချင်းက အသားပိုပြဿနာအတွက်တော့ အံ့သြဖွယ်ရာသဘာ၀ပစ္စည်းတစ်မျိုးဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ 

ပြုလုပ်နည်း
- အပျော့စားဆပ်ပြာနဲ့ အသားပိုနေရာတစ်ဝုိက် သန့်စင်ပါ။
- ချင်းကို အလွှာပါးပါး လှီးပါ။ 
- ပြီးရင် အသားပိုပေါ်မှာ ချင်းကို တစ်မိနစ်ခန့် ဖိကပ်ထားပါ။
- ချင်းကိုဖယ်ရှားပြီးရင် အသားပိုကို ရေနဲ့ မဆေးကြောပါနဲ့။ ချင်းရည် စိမ့်ပင်နေပါစေ။
- နေ့စဉ် တစ်နေ့ တစ်ကြိမ် ပြုလုပ်ပါ။

မုန့်ဖုတ်ဆော်ဒါနှင့် ကြက်ဆူဆီ
မုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာအတော်များများအတွက် အသုံးပြုနိုင်ပါတယ်။ သူက အသားအရေရဲ့ pH အဆင့်ကို ထိန်းညှိပေးနိုင်တဲ့အပြင် အသားပိုဖယ်ရှားဖို့ လည်း အလွန်အသုံး၀င်ပါတယ်။ 

ပြုလုပ်နည်း
- မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကြက်ဆူဆီ အနည်းငယ်နဲ့ ခပ်ပျစ်ပျစ်ရောစပ်ပါ။
- အသားပိုတစ်ဝုိက် ရေနဲ့သန့်စင်ပြီး ခုနက အရောအစပ်ကို လိမ်းပါ။
- နာရီအနည်းငယ်ကြာအောင် ထားပြီးနောက် ရေနဲ့ ဆေးကြောပါ။ 
- နေ့စဉ် တစ်နေ့ တစ်ကြိမ်ပြုလုပ်ပါ။

Oregano Oil နှင့် အုန်းဆီ
Oregano Oil က သဘာ၀ Antimicrobial နဲ့ Antimelanomic ပစ္စည်းဖြစ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အုန်းဆီကတော့ Lauric Acid ပါ၀င်ပြီး သူ့ကို ကြွက်နို့နဲ့ အသားပိုတွေကုသရာမှာ အသုံးပြုနိုင်ပါတယ်တဲ့။

ပြုလုပ်နည်း
- Oregano Oil ၂-၃ စက်နဲ့ အုန်းဆီ ၄-၅ စက်ကို ရောစပ်ပါ။
- အသုံးမပြုခင်မှာ အသားပိုနေရာကို ရေနွေးနဲ့ဦးစွာ သန့်စင်ပါ။
- ခုနက အရောအစပ်ကို ဝါဂွမ်းစမှာ ဆွတ်ပြီး အသားပိုနေရာကို လိမ်းပေးပါ။
- တစ်နေ့ ၂-၃ ကြိမ်ခန့် အသားပိုတွေ မည်းပြီး ခြောက်သွေ့ ကွာကျတဲ့အထိ လိမ်းပေးရပါမယ်။

သံပရိုရည်
သံပရိုရည်မှာ စစ်ထရစ်အက်စစ်ကြွယ်၀စွာ ပါ၀င်တာကြောင့် ဆဲလ်သေတွေနဲ့ အသားပိုတွေ ခြောက်သွေ့ကွာကျဖို့ အသုံး၀င်ပါတယ်။ 

ပြုလုပ်နည်း
- အသားပိုတစ်ဝုိက်ကို ဦးစွာ သန့်စင်ပါ။
- သံပရိုသီးတစ်လုံးကို အရည်ညှစ်ပြီး ဝါဂွမ်းစမှာ ဆွတ်ပါ။
- ပြီးရင် အသားပိုပေါ်မှာ ပွတ်တိုက်လိမ်းပေးပါ။
- တစ်နေ့ ၂-၃ ကြိမ် လိမ်းပါ။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ anti-oxidant ပါ၀င်ပြီး အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။ သူက အသားပိုကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဖယ်ရှားလိုက်တဲ့အသားပိုနေရာကို အနာအမြန်ကျက်စေဖို့လည်း ကူညီပေးပါတယ်။

ပြုလုပ်နည်း
- အသားပိုတစ်ဝိုက်ကို ဦးစွာ သန့်စင်ပါ။
- ရှားစောင်းလက်ပပ်အခက်ကို တစ်လက်မလောက်ဖြတ်ယူပါ။
- ပြီးရင် အဲဒီအခက်နဲ့ အသားပိုနေရာကို နှစ်မိနစ်ခန့် ပွတ်တိုက်ပါ။
- နေ့စဉ် တစ်နေ့ ၂-၃ ကြိမ် ပြုလုပ်ပါ။

☆ဆူးမြာ☆

Comments

Popular posts from this blog

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Pain Balm ပြုလုပ်နည်း

Cinnamon Foot Scrub